မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အထက်ပိုင်းတို့ရှိ ဒေသတချို့နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်တခွင်တွင် လာမည့် ဒီဇင်ဘာလ ၁၅ ရက်မှ ၂၀ ရက်အတွင်း အပူချိန်ရုတ်တရက် ကျဆင်း၍ အအေးပိုခြင်း၊ မိုးအနည်းငယ်ရွာသွန်းခြင်း၊ ညဘက် ဆီးနှင်းမိုးများ တဖွဲဖွဲရွာသွန်းခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ သိရသည်။လာမည့် ဒီဇင်ဘာလ ၁၅ ရက်ကျော်ပါက ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ပြီး မြန်မာနိုင်ငံအတွက် အပူချိန်ကို လျော့နည်းစေမည်ဖြစ်ကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်စဉ်ကာလအတွင်း ပင်လယ်ထဲက လေနွေးနှင့် ကုန်းတွင်းပိုင်းက လေအေးတို့ ထိတွေ့ရာမှတဆင့် Cold Front (လေအေးမျက်နှာစာ) တခု ဖြစ်ပေါ်မှုကြောင့် အထက်ဖော်ပြပါ ဒေသအချို့ကို ပိုမိုအေးလာစေနိုင်ကြောင်း ဒေါက်တာစိုင်းခွန်အာကာ(စီမံညွှန်ကြားရေးမှူး)၊ မိုးလေဝသမြန်မာက ယနေ့ ဒီဇင်ဘာ ၈ရက်တွင် လူမှုကွန်ရက်၌ ရေးသားဖော်ပြထားသည်။လာမည့် (၄၈) နာရီအတွက် ခန့်မှန်းချက်မှာ ချင်းပြည်နယ်တွင် ဒီဇင်ဘာလ၏ ပျမ်းမျှညအပူချိန်အောက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်ခန့်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှညအပူချိန်တို့အောက် ၂ ဒီဂရီဆဲလ်စီးယပ်မှ ၃ ဒီဂရီဆဲလ်စီးယပ်ခန့် ကျဆင်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။



