ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာ မြှင့်တင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဉာဏ်ရည်တု (AI) နည်းပညာကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန်အတွက် ဒီဇင်ဘာ ၅ ရက်တွင် နန်နင်းမြို့သို့ သွားရောက်ခဲ့သည်။ ဒီဇင်ဘာ ၇ ရက်တွင် ကွမ်ရှီးကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Chen Gang နှင့် တွေ့ဆုံခဲ့ရာတွင် Mr. Chen Gang က တရုတ်-အာဆီယံ နိုင်ငံများ AI အသုံးချပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာနကို အရှိန်မြှင့်တင်တည်ဆောက်နေပြီး၊ မြန်မာနိုင်ငံနှင့် AI ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကလည်း AI အပါအဝင် ထွန်းသစ်စ ဒစ်ဂျစ်တယ်နည်းပညာများကို အကျိုးရှိစွာ အသုံးချရန်အတွက် ဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေပြီး အမျိုးသားအဆင့် ဉာဏ်ရည်တုနည်းပညာ မဟာဗျူဟာနှင့် မူဝါဒတို့ကို မကြာမီ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။



