ပြီးခဲ့သည့် နိုဝင်ဘာလ ပထမ ပတ်မှစ၍ ရွာငံမြို့နယ်တွင် ကော်ဖီစေ့ တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းမှ တစ်သောင်း နှစ်ထောင် အထိ ရရှိနေပြီး ခူးဆွတ်ချိန် တစ်ပတ်လျှင် ပိဿာချိန် (၃၀) သာလျှင် ရရှိကာ ယခင် ၂၀၂၄ ခုနှစ်တွင် တစ်ပတ်လျှင် ပိဿာချိန် ၈၀ ကျော်အထိ ထွက်ခဲ့သော်လည်း ဈေးကောင်းမရရှိခဲ့ပေ။ထိုသို့ ကော်ဖီစေ့ ဈေးနှုန်းကောင်းစွာ ရရှိနေသော်လည်း ကော်ဖီပင်များ သေဆုံး၍ အသီးအနည်းငယ်သာ ရှိသဖြင့် ခူးရောင်းစရာ မရှိတော့ကြောင်း ကော်ဖီစိုက်ပျိုးသူ ရွာငံဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။ထိုသို့ ကော်ဖီစေ့ ဈေးနှုန်း ကောင်းရခြင်းမှာ ရွာငံတွင် ကိုယ်ပိုင်ကော်ဖီ ကုန်ချော ထုတ်လုပ်သူ များလာပြီး ကော်ဖီစေ့များကို ပွဲစားများက ဈေးကောင်းပေးကာ အလုအယက် ဝယ်ယူနေခြင်းကြောင့် ဈေးကောင်းရနေကြောင်း ကော်ဖီစေ့ ရောင်းဝယ်နေသူ အမျိုးသားတစ်ဦးက ပြောသည်။ယခု လက်ရှိ ရှမ်းပြည်တောင်ပိုင်းတွင် ရာသီဥတု မမျှတမှုအပြင် အပူရှိန် မြင့်လာသောကြောင့် နွေရာသီတွင် ကော်ဖီပင်သေဆုံးမှုနှုန်း မြင့်တက်လာပြီး ကော်ဖီထွက်နှုန်းများ ကျဆင်းလာနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။



