အခုနှစ် ကြံရာသီမှာ ကြံဝယ်ဈေးတွေ ကျတဲ့အတွက် ကြံစိုက်တောင်သူတွေမှာ စီးပွားရေးအရ တွက်ခြေမကိုက်ဘဲ အခက်အခဲ ရှိနေတယ်လို့ ကြံစိုက်တောင်သူတချို့ဆီက သိရပါတယ်။အရင်နှစ်က ကြံကြိတ်ရာသီမှာ စက်ရုံအရောက် ကြံတစ်တန်ဝယ်ဈေးက ကျပ် ၁၈၀,၀၀၀ ကနေ ကျပ် ၂၀၀, ၀၀၀ အထိ ဈေးရရှိခဲ့ရာကနေ အခုနှစ် ကြံရာသီမှာ သကြားစက်တွေက စက်ရုံအရောက် ကြံတစ်တန် ဝယ်ဈေးကို ကျပ် ၁၅၀,၀၀၀ ကနေ ၁၇၀,၀၀၀ ကြားနဲ့ ဝယ်ယူနေတယ်လို့ သိရပါတယ်။ဒီနှစ်ကြံရာသီမှာတော့ ကမ္ဘာ့သကြားဈေးရော ပြည်တွင်းသကြားဈေးပါ ကျနေတာကြောင့် အခုလို သကြားစက် တွေက ကြံဝယ်ဈေးကို လျှော့ချဝယ်ယူနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။အခုနှစ်ကြံရာသီမှာ ဒေသတချို့မှာ ကြံဝယ်ဈေး မညီမျှတာတွေ ရှိနေသလို ကြံခုတ်လုပ်သားခနဲ့ သကြားစက် တွေက သယ်ယူပို့ဆောင်စရိတ် ကြိုထုတ်ပေးတာ မရှိတဲ့အတွက် ငွေချေးငှားသုံးစွဲရတဲ့ ကြံစိုက်တောင်သူတွေဟာ တွက်ခြေကိုက်မှု နည်းနေတယ်လို့ သိရပါတယ်။ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ သကြားစက်ရုံတွေနဲ့ ညှိနှိုင်းပေးထားတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပါတယ်။ ပြည်တွင်းသကြားစက်တွေဟာ ဒီဇင်ဘာလကနေ မတ်လအထိ ကြံကြိတ်ကြတာဖြစ်ပြီး အခုနှစ်မှာ သကြားတန် ချိန် ၄ သိန်းခွဲကျော် ၅ သိန်း လောက်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။အရင်နှစ်က ကမ္ဘာ့သကြားဈေးမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၀၀ ဝန်းကျင် ရှိခဲ့ရာကနေ အခုနှစ်မှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၀၀ ဝန်းကျင်သာ ရှိတယ်လို့ သကြားဈေးကွက်က သိရပါတယ်။ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ စာရင်းတွေအရ သကြားလက်ကား တစ်ပိဿာကို ကျပ် ၃,၇၀၀ ကနေ ၄,၁၀၀ ပေါက်ဈေး ရှိပါတယ်။



