တရုတ်အခြေစိုက် စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီကြီးများ၏ ဝင်ငွေမှာ ၂၀၂၄ ခုနှစ်အတွင်း ကျဆင်းခဲ့ရကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့အခြေစိုက် စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျုက ဒီဇင်ဘာ၁ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။ယူကရိန်းစစ်ပွဲနှင့် ဂါဇာကမ်းမြောင်စစ်ပွဲတို့ကြောင့် ကမ္ဘာတစ်ဝန်းရှိစစ်လက်နက်နှင့် စစ်ရေးဝန်ဆောင်မှု ကုမ္ပဏီကြီးများ ဝင်ငွေကောင်းခဲ့ချိန်တွင်တရုတ်စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီကြီးများ၏ ဝင်ငွေ ကျဆင်းခဲ့ရခြင်းဖြစ်သည်။ပြီးခဲ့သည့်နှစ်အတွင်း ဂျပန်၊ ဂျာမနီနှင့် အမေရိကန်အခြေစိုက် လက်နက်ကုမ္ပဏီကြီးများ၏ ဝင်ငွေများ မြင့်တက်လာခဲ့သော်လည်း တရုတ်အခြေစိုက်ထိပ်တန်းစစ်လက်နက် ကုမ္ပဏီကြီးများ၏ဝင်ငွေမှာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက၁၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျု၏ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့အကြီးဆုံး စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီကြီး ၁၀၀ တို့၏ စုစုပေါင်းဝင်ငွေမှာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅ ဒသမ၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၇၉ ဘီလီယံအထိ ရှိခဲ့ကြောင်း သိရသည်။



