ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်နိုင်ရန် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။ အဆိုပါဦးဆောင်အဖွဲ့အား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ခေါင်းဆောင်အဖြစ်လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးဌာန ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးက ဒုတိယခေါင်းဆောင်အဖြစ်လည်းကောင်း ဖွဲ့စည်းထားပြီး၊ ဝန်ကြီးဌာနပေါင်းစုံမှ အဆင့်မြင့်အရာရှိများ ပါဝင်သည်။ ဤဦးဆောင်အဖွဲ့သည် SPIC Yunnan International Power Investment Co.,Ltd (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့် ပူးပေါင်းကာ စီမံကိန်း၏ နည်းပညာ၊ ပြည်သူ့ဆက်ဆံရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများအား စီမံဆောင်ရွက်ရန်နှင့် မြန်မာ-တရုတ်အစိုးရများအကြား စီမံကိန်းကိစ္စများ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုရန်တို့မှာ အဓိကလုပ်ငန်းတာဝန်များ ဖြစ်ကြောင်း သိရသည်။



