ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား ဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို မြေကြီးပေါ်ချရာ၌ ကားသမားများ ကိုယ်တိုင်ချရပြီး ကားပေါ်ပြန်တင်ရာတွင်လည်း ကိုယ်တိုင်တင်ရသဖြင့် အချိန်များစွာ ကြာမြင့်ကာ ခရီးစဉ် နှောင့်နှေးကြောင်းလည်း ကုန်ကားသမားများထံမှ သိရသည်။ယင်းဂိတ်၌ မူဆယ်နှင့် တာချီလိတ်မှတစ်ဆင့် တရားမဝင်ကုန်များ ဝင်လာသည်ဟု အကြောင်းပြကာ စစ်ဆေးနေသော်လည်း နည်းလမ်းများ စနစ်မကျသဖြင့် အချိန်များစွာ နှောင့်နှေးစေကြောင်းလည်း ကုန်သည်များက ပြောသည်။ယင်းကြောင့် အချိန်ကြာမြင့်ကာ ကုန်တင်ကားများလည်း ပွန်ချောင်းဘေးတွင် တန်းစီ စောင့်ဆိုင်းနေရသည်ကို တွေ့ရကြောင်း မိုင်းပွန် ဒေသခံတစ်ဦးက ပြောသည်။



