မြန်မာ့စီးပွားရေးဘဏ်(MEB)နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) အပြင် ပုဂ္ဂလိကဘဏ် ၁၂ ခုတွင်လည်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းက ထုတ်ပြန်သည်။ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားခြင်းနှင့်ပတ်သက်၍ ယခင်က MEB နှင့် MADB ဘဏ်များ၌သာ ချေးယူခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် PFI (Participating Financial Institutions) ဘဏ်များဖြစ်သည့် KBZ၊ AYA၊ MAB၊ MCB၊ UAB၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတောင်သူ လယ်သမားဖွံ့ဖြိုးရေးဘဏ်၊ ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးရေးဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေးဘဏ်၊ မြန်မာခရီးသွားဘဏ်၊ မြန်မာမက်ထရိုဘဏ်နှင့် သတ္တုဖွံ့ဖြိုးရေးဘဏ်တို့တွင်လည်း လျှောက်ထားချေးယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ဆက်လက်ပြီး ချေးငွေရယူလိုသည့် ဆီစက်အသင်းဝင်များအနေဖြင့် ချေးငွေလျှောက်လွှာပုံစံသစ်ကို အသင်းရုံးခန်းတွင် ဆက်သွယ်တောင်းယူနိုင်ပြီး သက်ဆိုင်ရာဒေသစက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီဌာနရုံးမှတစ်ဆင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ ထောက်ခံချက်နဲ့ လျှောက်ထားနိုင်ကြောင်း သိရသည်။ထို့အပြင် တခြားဘဏ်တွင် ချေးငွေရယူထားပြီး အပေါင်ပစ္စည်း သီးခြားမရှိသူများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ PFI ဘဏ်များသို့ ဆီစက်ဖွံ့ဖြိုးရေးချေးငွေခေါင်းစဉ်နဲ့ ပြောင်းလဲလျှောက်ထား ရယူနိုင်ပြီဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၂၁၃၀၄၄၅ ၊ ၀၉-၇၉၉ ၅၄၀၀၅၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက ထုတ်ပြန်သည်။



