ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်၏ သမီးကြီးဖြစ်သူ ဒေါ်မမနိုင်သည် မိန်းမသားထဲတွင် ရှားပါးလှသော ရုပ်သေးပညာရှင်တစ်ဦးဖြစ်ပြီး၊ ဖခင်၏ "မြန်မာ့ရုပ်စုံသဘင်" စာအုပ်ပြုစုစဉ်ကတည်းက ရုပ်သေးပညာရှင်များနှင့်အတူ လိုက်ပါလေ့လာခွင့်ရခဲ့ရာမှ ရုပ်သေးပညာကို စိတ်ဝင်စားကာ ဆည်းပူးဖြစ်ခဲ့သည်။ ရာဇဝင်ဘာသာဖြင့် ဘွဲ့ရခဲ့သည့် ဒေါ်မမနိုင်သည် မန္တလေး တံတားဦးမြို့စွန်၌ ဆရာမလုပ်စဉ် အင်္ဂလိပ်စာစကားပြော ပတ်ဝန်းကျင် ဖန်တီးနိုင်ရန်အတွက် ရုပ်သေးပညာကို လက်တွေ့သရုပ်ဖော် သင်ကြားရာမှ နာမည်ကြီးလာပြီး ရုပ်သေးပညာရှင်အဖြစ် ရပ်တည်ခဲ့သည်။ ဆရာကောင်းများဖြစ်သည့် ဦးပန်းအေးနှင့် ဦးမြသွင်တို့ထံမှ ပညာဆည်းပူးခဲ့သော ဒေါ်မမနိုင်၏ Mandalay Marionette Theatre Myanmar အဖွဲ့တွင် ၎င်း၏ ညီမနှစ်ဦးအပါအဝင် မိန်းကလေးများသာ ပါဝင်ပြီး၊ ဒေါ်မမနိုင်သည် တိမ်ကောပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ရုပ်သေးအနုပညာကို ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် ထူးခြားစွာ ရပ်တည်နေသူဖြစ်သည်။


