နိုဝင်ဘာလ ၂၄ ရက်က ထားဝယ်မှ မြိတ်မြို့သို့ အဆင်းကားများကို လမ်းပြန်ဖွင့်ပေးခဲ့ပြီး နိုဝင်ဘာလ ၂၅ တွင် မြိတ်မြို့မှ ထားဝယ်သို့ အတက်ကားများကို ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း ကားသမားအချို့နှင့် ဒေသခံအချို့က ဆိုသည်။ယနေ့ နိုဝင်ဘာလ ၂၆ ရက် နံနက်တွင်မူ လမ်းပြန်ပိတ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။မင်းဒပ်၊ ဝဲရစ်၊ ကမြိုင်ရွာအထိ ၃ မိုင်ခန့်ရှည်သည့် လမ်းတစ်လျှောက်တွင် ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများ ပိတ်မိနေပြီး ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ဝဲရစ်ရွာသားများက ခရီးသွားများကို ထမင်းဟင်းများ ချက်ပြုတ် ကျွေးမွေးလှူဒါန်းကြောင်း ဝဲရစ်ရွာက အမျိုးသားတစ်ဦးက ဆိုသည်။



