ဂျပန်စစ်ဘက်သည် တရုတ်(တိုင်ပေ)အနီးရှိကျွန်းတစ်ကျွန်းပေါ်တွင် တာလတ်ပစ်အမျိုးအစားမြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် ဖြန့်ကြက်ချထားရန်စီစဉ်နေသည့်အပေါ် တရုတ်နိုင်ငံက နိုဝင်ဘာ ၂၄ရက်တွင် ဝေဖန်ရှုတ်ချလိုက်သည်။တရုတ်(တိုင်ပေ)အရှေ့ဘက်ကမ်းရိုးတန်းမှ၁၁၀ ကီလိုမီတာခန့်အကွာရှိ ယိုနာဂူနီ ကျွန်းပေါ်ရှိစစ်စခန်းတစ်ခုတွင် တာလတ်ပစ်အမျိုးအစားမြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ယူနစ်တစ်ခု ချထားရန်စီစဉ်နေကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးရှင်ဂျီရိုကိုအိဇူမီက ပြောကြားခဲ့သည်။ယင်းလုပ်ရပ်မှာ ဒေသတွင်း တင်းမာမှုများဖန်တီးရန်နှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရန်ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး ဂျပန်နှင့်ဒေသတစ်ခုလုံးကို ဘေးဒုက္ခဆီသို့ တွန်းပို့နေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူမော်နင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။တရုတ်(တိုင်ပေ)အပေါ် တရုတ်နိုင်ငံက တိုက်ခိုက်မှုသည် ဂျပန်၏ရပ်တည်ရေးကို ခြိမ်းခြောက်မှုဖြစ်ခြင်းကြောင့် စစ်ရေးတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာအိချိက ယခုလအတွင်း ပြောကြားခဲ့ပြီးနောက် တရုတ်နှင့် ဂျပန်တို့အကြား ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးသံတမန်ရေး ရာ တင်းမာမှု ဖြစ်ပေါ်နေသည်။တရုတ်အနေဖြင့် နယ်မြေနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် စိတ်ပိုင်းဖြတ်ထားပြီး လုပ်နိုင်စွမ်းလည်း ရှိကြောင်း၊ ဒုံးကျည်ချထားမည့်ဂျပန်၏လုပ်ရပ်သည် အလွန်အန္တရာယ်များပြီးဒေသတွင်း နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား စိုးရိမ်မှုများ မြင့်တက်စေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမော်နင်းက သတိပေးထားသည်။



