ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စံချိန်တင် ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရပြီး လက်ရှိအချိန်ထိ အနည်းဆုံး လူ ၁၈ ယောက် သေဆုံးခဲ့ကာ အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စစ်သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေကို စေလွှတ်ခဲ့ရပါတယ်။ပြီးခဲ့တဲ့အပတ်အတွင်း နိုင်ငံတောင်ပိုင်းက ပြည်နယ် ၁၀ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး မလေးရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စီးပွားရေးအချက်အချာကျတဲ့ ဟတ်ယိုင်မြို့မှာ နှစ်ပေါင်း ၃၀၀ အတွင်း အပြင်းထန်ဆုံး မိုးရွာသွန်းမှု မှတ်တမ်းဝင်ခဲ့ပါတယ်။ တရက်တည်းမှာတင် ၃၃၅ မီလီမီတာ မိုးရွာသွန်းခဲ့ပါတယ်။
ဓာတ်ပုံတွေအရ မြို့ထဲမှာ မော်တော်ယာဉ်တွေနဲ့ အိမ်တွေ ရေနစ်မြုပ်နေပြီး အကူအညီလိုအပ်နေသူတွေ အိမ်ခေါင်မိုးပေါ်မှာ ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေကြပါတယ်။မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာလည်း ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဗီယက်နမ်မှာလည်း သေဆုံးသူဦးရေဟာ တပတ်အတွင်း ၉၁ ယောက်အထိ မြင့်တက်လာခဲ့ပြီး မလေးရှားမှာတော့ လူ တသောင်းကိုးထောင်ကျော်ဟာ နေအိမ်တွေကနေ စွန့်ခွာခဲ့ရပါတယ်။ထိုင်းနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူ နှစ်သန်းကျော် ထိခိုက်ခဲ့ရပေမယ့် တသောင်းသုံးထောင် ဝန်းကျင်ပဲ ခိုလှုံရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ရိုက်တာ သတင်းဌာနရဲ့ အဆိုအရ အများစုဟာ ရေကြီးရေလျှံမှုတွေအတွင်း အကူအညီမရရှိကြဘူးလို့ သိရပါတယ်။


