ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသတချို့ဟာ နှစ်တွေအတော်များများအတွင်း အဆိုးရွားဆုံး မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေဘေးသင့်နေပြီး နိုဝင်ဘာ ၂၅ ရက်နေ့ထိ အခြေအနေအရ သေဆုံးစာရင်း ၁၃ ဦးလောက်ရှိလာခဲ့ပါတယ်။ရေဘေးသင့် ဒေသတွေအတွက် လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ဝန်ထမ်းတွေ ပါရှိမယ့် လှေ ၁၂ စီးပါ ရေယာဉ်အုပ်ကို စေလွှတ်ပေးမယ်လို့ ထိုင်းရေတပ်က နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ ခရီးစဉ်မှာ ရေတပ်ရဲ့ တစ်စီးတည်းသော လေယာဉ်တင်သင်္ဘော ချာကရီ နာရူဘတ်လည်း လိုက်ပါသွားမှာပါ။ အဲဒီ လေယာဉ်တင် သင်္ဘောပေါ်မှာ ရဟတ်ယာဉ်တွေ၊ ဆရာဝန်တွေအပြင် နေ့စဉ် လူပေါင်း ၃၀၀၀ ကျော်အတွက် အစားအစာ ချက်ပြုတ် ကျွေးမွေးနိုင်မယ့် ရွေ့လျား မီးဖိုတွေကိုပါ တင်ဆောင်သွားမယ်လို့ သိရပါတယ်။တစ်ချိန်တည်းမှာပဲ အဲဒီ လေယာဉ်တင် သင်္ဘောဟာ ရေဘေးသင့် ပြည်သူတွေကို ကူညီပေးမယ့် ရေပေါ်ဆေးရုံ အနေနဲ့လည်း အသုံးပြုနိင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းတောင်ပိုင်းက ရေဘေးသင့်မှုတွေကို သက်ရောက်ခံစားရသူ ဦးရေဟာ ၂ သန်းနီးပါးလောက်ထိ များပြားပါတယ်။



