ထိုင်းနိုင်ငံတောင်ပိုင်း ၊ စုန်ခလာပြည်နယ် ၊ ဟတ်ယိုင်မြို့တွင် ရေကြီးနေပြီး အနီရောင်ဇုန်အဖြစ် အစိုးရက ကြေညာထားကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ဟတ်ယိုင်မြို့နယ်တွင် ရေဘေးသင့်သူ ၄၆၅,၀၀၀ ကျော်ရှိနေပြီး GISTDA ဂြိုဟ်တုအချက်အလက်အရ ထိုင်တောင်ပိုင်းပြည်နယ် ၆ ခုတွင် ၂၂၈,၀၀၀ ရိုင်ကျော်(ဧက ၉ သောင်းကျော်) ရေလွှမ်းမိုးနေကြောင်း သိရသည်။ နိုဝင်ဘာလ ၁၉ ရက်မှ ၂၃ ရက်အတွင်း စုန်ခလာပြည်နယ်တစ်လျှောက် ရေလွှမ်းမိုးမှုကြောင့် ခရိုင်ပေါင်း ၁၆ ခု၊ မြို့နယ်ခွဲပေါင်း ၁၀၀ ၊ ကျေးရွာပေါင်း ၆၃၇ ရွာ၊ လူဦးရေ ၄၆၅,၀၀၀ ကျော်ထိခိုက်ခဲ့ပြီး လူပေါင်း ၂၃၅ ဦးကို ရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းကဖော်ပြသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာနေပြီး အားကောင်းသော မုတ်သုံလေတန်းကြောင့် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေကြောင်း အစိုးရအဖွဲ့ကသတိပေးထားသည်။ စုန်ခလာပြည်နယ်က ဟတ်ယိုင်နှင့် ပတ်ဝန်းကျင်ခရိုင်များကို အနီရောင်ဇုန်အဖြစ် ကြေညာပြီး အရေးပေါ်ရွှေ့ပြောင်းရန်လည်း အမိန့်ပေးထားသည်။



