ဧရာဝတီတိုင်းဒေသကြီး၌ လာမည့် ၂၀၂၆ ခုနှစ်တွင် စားသုံးဆီ ၇၁ ရာခိုင်နှုန်းခန့်အထိ ဖူလုံစေရန် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၏ စားသုံးဆီဖူလုံမှုသည် ၃၅ ရာခိုင်နှုန်းခန့်သာရှိရာမှ လာမည့်နှစ်တွင် ၇၁ ရာခိုင်နှုန်းခန့်အထိ တိုးတက်လာစေရန် မျှော်မှန်း၍ စားသုံးဆီဖူလုံမှုတိုးတက်စေရေးအတွက် ပုံမှန်စိုက်ပျိုးနေကျ မြေပဲ၊ နှမ်း၊ နေကြာအပြင် ပဲကြီး၊ ပဲပုပ် စသည့် ဆီထွက်သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးမှာဖြစ်တယ်လို့ သိရပါတယ်။ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများလိုအပ်သော မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးမည့်အပြင် စိုက်ပျိုးရေး နည်းပညာများကိုလည်း ဖြန့်ဝေပေးလျက်ရှိကြောင်း သိရပါတယ်။ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်တဲ့အနေနဲ့ ဒီနှစ်မှာ နေကြာကို အရင်ကထက် ဧက ၈၅,၀၀၀ တိုးချဲ့ပြီး စုစုပေါင်း နေကြာဧက ၂၂၆,၀၀၀ကျော် စိုက်ပျိုးသွားပါမယ်။ ဒါ့အပြင် ဒီနှစ်မှာ ထူးခြားချက်အနေနဲ့ ပဲကြီးနဲ့ ပဲပုပ်ဧက တစ်သိန်းစိုက်ပျိုးသွားမှာဖြစ်ပါတယ်” လို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီအပြင် မြေပဲကိုလည်း နှစ်စဉ်စိုက်ပျိုးနေကျအတိုင်း ဧက ၉၀,၀၀၀ နီးပါးစိုက်ပျိုးမည့်အပြင် နှမ်းကိုလည်း ဧက ၂၀,၀၀၀ ကျော် စိုက်ပျိုးမှာဖြစ်တယ်လို့ သိရပါတယ်။ဧရာဝတီတိုင်းဒေသကြီးအတွင်း အဓိကသီးနှံ ၁၀ မျိုးအနက် ဝါမှလွဲ၍ ကျန်သီးနှံ ၉ မျိုးကို စိုက်ပျိုးလျက်ရှိတဲ့အတွက် လက်ရှိတွင် သီးနှံငါးမျိုးသည် ပန်းတိုင်အထွက်နှုန်းရရှိကာ လာမည့်နှစ်တွင် ကျန်သီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်းရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနထံမှ သိရပါတယ်။



