ပဲခူးမြို့တွင်းကို ခရီးသည်တင် ကားတွေ မောင်းခွင့်မပြုတော့ဘဲ မြို့ရှောင်လမ်းကသာ မောင်းခွင့်ပြုလိုက်တဲ့အတွက် ခရီးသွားတွေမှာ အဆင်မပြေဘဲ ပိုပြီး ခက်ခဲသွားတယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ပဲခူး အဝေးပြေးယာဥ်ရပ်နားကွင်းကို ကလိရွာကို ပြောင်းရွှေ့လိုက်ပြီး ခရီးသည်တင် ကားလိုင်းတွေကိုပါ ပဲခူးမြို့တွင်း မောင့်ခွင့်မပြုတော့ဘဲ မြို့ရှောင်လမ်းကနေ မောင်းဖို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ် ။ အဲဒီလို သတ်မှတ်လိုက်တာကြောင့် ရန်ကုန် - ပဲခူး သွားလာမယ့် ခရီးသွားတွေမှာ ခရီးစဥ် အဆင့်အဆင့် စီးရပြီး ခရီးစဥ်ပိုကြာသွားတဲ့အပြင် ကားခလည်း ပိုပြီးကုန်ကျမှု ရှိတဲ့အတွက် အဆင်မပြေဘူးလို့ သိရပါတယ်။
ပဲခူးမြို့တွင်းကို ခရီးသည်တင်ကား မောင်းခွင့်မပြုတဲ့အတွက် ကားစီးမယ်ဆိုက မြို့တွင်းမှ မြို့ပြင်ကို တုတ်တုတ် ၊ဆိုင်ကယ်ကယ်ရီ ငှားပြီး သွားလာနေရကြောင်း ၊ ငှားရမ်းခနူန်းထားမှာ ခရီးစဥ်အနီး အဝေးပေါ်လိုက်ပြီး ၁,၀၀၀ မှ ၂,၀၀၀ ကျပ်လောက်အထိ ရှိနေတယ်လို့ သိရပါတယ်။ ခရီးသည်တင် ယာဥ်လမ်းကြောင်း ပြောင်းလဲပြေးဆွဲဖို့ သတ်မှတ်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို ခံစားနေရတဲ့ ပြည်သူတွေ အဆင်ပြေစေဖို့ရာ မြို့တွင်း ပြေးဆွဲခွင့်ပြုထားတဲ့ တုတ်တုတ်နဲ့ ခွေးဘီလူးကား ၊ဆိုင်ကယ် ကယ်ရီငှားရမ်းခနူန်းထားတွေကို သင့်တင့်မျှတတဲ့ စျေးနူန်းတခု သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ပဲခူးမြို့တွင်းကို ခရီးသည်တင်ကား ဝင်ရောက်ခွင့်မပြုပေမယ့် စက်ရုံဖယ်ရီကားတွေကိုတော့ မောင်းခွင့်ပြုထားတယ်လို့ မြို့ခံတွေ ပြောပြချက်အရ သိရပါတယ်။



