နိုဝင်ဘာ ၁၁ ရက်နေ့ ၁၂၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ ဘုံပျံရပ်၊ အောင်ချမ်းသာလမ်းတွင် လမ်းလျှောက်လာသူ ရဲရင့်အောင်(ခ)သားကြီး အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၃၇၀ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ၁၃၄၀ အချိန် ၎င်းငှားရမ်းနေထိုင်သည့် အဆိုပါရပ်ကွက်၊ နဝရတ်လမ်းရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြားအားလည်းကောင်း၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၂,၃၇၀ (ဒေသကာလတန်ဖိုးငွေကျပ် ၃၇၁.၁ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၂၁၃၀ အချိန် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ မပုလဲသွယ်(ခ)မီးလေး အား မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ မြို့သစ်(၄)ရပ်၊ မြစိမ်းလမ်းရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ရဲရင့်အောင်(ခ)သားကြီး(၃၀)နှစ်နှင့် မပုလဲသွယ်(ခ)မီးလေး(၃၆)နှစ်တို့အား မြိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်းသိရပါသည်။



