ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် သက်ကြီးပိုင်းအဖိုးအဖွားများသည် အအေးဒဏ်မခံနိုင်ခြင်း၊ ရာသီတုပ်ကွေးဖြစ်ပွားခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်တို့ကြောင့် သေဆုံးမှု များလာကြောင်း နေရပ်စွန့်ခွာဒုက္ခသည်များကို ကူညီနေသူများက ပြောပါသည်။နေရပ်စွန့်ခွာရသည့် ကာလအတွင်းတွင် နေစရာ အခက်အခဲရှိသည့်အတွက် မြေကြီးပေါ်အိပ်စက်ရခြင်း၊ အနွေးထည်၊ စောင်နှင့်အမိုးအကာပစ္စည်းများ အရေးပေါ်ဆေးဝါးများ မရှိခြင်းကြောင့် အဖိုးအဖွားတချို့လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ ရာသီတုပ်ကွေးရောဂါများ ဖြစ်ပေါ်နေတာ ဖြစ်ပါသည်။သက်ကြီးပိုင်းအဖိုးအဖွားများအပြင် ကိုယ်ဝန်ဆောင်မိခင်၊ မွေးကင်းစ လသားအရွယ်ကလေးငယ်များနှင့် ရောဂါအခံရှိသူများအတွက်ဆေးရုံ၊ ဆေးခန်းမသွားနိုင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုမရခြင်း တို့ကြောင့် ကျန်းမာရေး ချွတ်ယွင်းသူ ပိုများလာသည်ဟု ပြောပါသည်။



