တာချီလိတ်မြို့တွင် ရဟန်းသံဃာကဲ့သို့ သင်္ဃန်းရုံထားပြီး သပိတ်လွယ်ထားသူ အချို့က နံနက် ၄နာရီဝင်းကျင်တွင် အရက်ဘားများ အပါအဝင် နေရာအများစု၌ လိုက်လံ အလှူခံနေကြောင်း ဒေသခံများက ပြောသည်။ကိုယ်တိုင်တွေ့မြင့်ခဲ့သူ လူငယ်တစ်ဦး၏ ပြောပြချက်အရ သင်္ဃန်းရုံ၊ သပိတ်လွယ်အလှူခံသူများမှာ တစ်ဦးတည်းမဟုတ်ဘဲ ၅ယောက်၊ ၆ယောက်ခန့်ရှိကြောင်း၊ တာချီလိတ်အနောက်မြို့ပတ်လမ်းပေါ်၊ 1G1 အနီးတွင် အများအပြားတွေ့ရကြောင်း သိရသည်။တာချီလိတ်မြို့တွင် သံဃာအယောင်ဆောင်ကာ အလှူခံသူ၊ လုပ်စားနေသူများ အများအပြားရှိနေပြီး ယင်းကဲ့သို့ လုပ်ဆောင်မှုများကြောင့် ဗုဒ္ဓဘာသာပုံရိပ် များစွာထိခိုက်ကြောင်း ဒေသခံများက ပြောသည်။ယင်းကဲ့သို့ မသင့်တော်သည့် နေရာများတွင် လိုက်လံအလှူခံနေသူများမှာ သံဃာအစစ်မဟုတ်ဘဲ အယောင်ဆောင်လုပ်စားသူများသာ ဖြစ်မည်ဟု ထင်ကြောင်း တာချီလိတ်မြို့ခံများက မှတ်ချက်ပေးသည်။



