မြန်မာပြည်၏ အကောင်းဆုံးသော ရော့ခ်ဂီတ အဖွဲ့များထဲမှ တစ်ခုဖြစ်သည့် Idiots Band သည် ပင်တိုင် အဆိုတော် ရေမွန် ကွယ်လွန်အပြီး လေးနှစ်ကျော်အကြာတွင် မူပိုင်ခွင့် ပြဿနာများ ထပ်မံပေါ်ပေါက်လာပြီးနောက် Band အား အပြီးတိုင် ဖျက်သိမ်းမည် ဖြစ်ကြောင်း ဒရမ်မာ ကိုဂျပန်က အသိပေးလာခဲ့သည်။ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်တွင် Idiots Band သည် နှုတ်ဆက်ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပြီး ယင်းပွဲအပြီး နှစ်ပတ်ကြာသည်ထိ အနုပညာကြေးများ မရသဖြင့် ရေမွန်၏ မိခင်ဖြစ်သူက လူမှုကွန်ရက်မှတစ်ဆင့် အဆိုပါ ကိစ္စအား အသိပေးတင်ပြခဲ့သည်။အဆိုပါ ဖြစ်စဥ်တွင် ပွဲစီစဥ်သူ 9 Palanets Production တည်ထောင်သူ ကိုသက်ဖုန်းနိုင်က ရေမွန်၏ မိခင်အား ပေးမည်ဟု နှုတ်ကတိပြုထားသည့် အနုပညာကြေးများ မပေးခြင်းဟု သိရသည်။Idiots အမာခံ ပရိသတ်များက အနုပညာကြေးမရခြင်းအတွက် ပွဲစီစဥ်သူ အပေါ် အပြစ်တင်ခဲ့ကြသော်လည်း Idiots Band ၏ မူပိုင်ခွင့်အား ရေမွန်၏ မိခင်က ရယူထားလိုခြင်း အပေါ် အပြင်းအထန် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။



