ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ၆ မြို့နယ်တွင် လမ်းမီးထွန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ယာဉ်အသွားအလာရှုပ်ထွေးသော နေရာများမှာ မီးပွိုင့်များဖြည့်စွက်တပ်ဆင်ရန်အတွက် လျှပ်စစ်ပစ္စည်းများလိုအပ်လျက်ရှိနေတာကြောင့် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ သိရပါတယ်။လိုအပ်လျက်ရှိနေတဲ့ လျှပ်စစ်ပစ္စည်းများမှာ မီးတိုင်၊ မီးလုံး၊ မီးကြိုး၊ ထရန်စဖော်မာ၊ ဘက်ထရီနှင့် အင်ဗာတာတို့ အပါအဝင်ဖြစ်ပြီး ၎င်းအပြင် မြို့တော်ခန်းမအတွင်းလိုအပ်လျက်ရှိနေတဲ့ LED မီးလုံး၊ စတိတ်စင်စလိုက် မီးလုံးနှင့် ဆက်စပ်ပစ္စည်းများကို ဌာနအနေနဲ့ မြန်မာကျပ်ငွေဖြင့် ဝယ်ယူသွားမှာဖြစ်တဲ့အတွက် ပြည်တွင်းကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါဖြင့် တင်သွင်းဖို့ ဖိတ်ခေါ်ထားတာဖြစ်ပြီး စိတ်ပါဝင်စားတဲ့ ကုမ္ပဏီများကို တင်ဒါလျှောက်လွှာတစ်စုံလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ရောင်းချပေးနေတယ်လို့ သိရပါတယ်။တင်ဒါတင်သွင်းရမည့် နောက်ဆုံးရက်ကို မေ ၂၀ ရက်နေ့ ညနေ ၄ နာရီအထိ သတ်မှတ်ပေးထားပြီး မေ ၂၆ ရက်နေ့မှာ တင်ဒါဖွင့်လှစ် ဆောင်ရွက်သွားမှာဖြစ်ကာ သတ်မှတ်အချိန်ထက် ကျော်လွန်တင်သွင်းတဲ့ လျှောက်လွှာများကို ထည့်သွင်းဆောင်ရွက်ပေးမှာ မဟုတ်ကြောင်းလည်း သိရပါတယ်။



