ဘာစီလိုနာလူငယ်တိုက်စစ်ကစားသမား ယမားလ်က လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဖလားကို အသင်းအတွက် ရယူပေးသွားမည်ဟု ကတိပေးပြောကြားခဲ့သည်။ ဘာစီလိုနာအသင်းသည် ယခုရာသီ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန်ရေပန်းစားခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင် အင်တာမီလန်ကို နှစ်ကျော့ပေါင်း (၇-၆) ဂိုးဖြင့်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ သို့သော် ယမားလ်က လာမည့် ရာသီများတွင် ဘာစီလိုနာပရိသတ်များအတွက် ချန်ပီယံလိဂ်ကို ရယူပေးသွားမည်ဟု ကတိပေးခဲ့ခြင်းဖြစ်သည်။ ယမားလ်က "ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်က ကျွန်တော်တို့နှစ် မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ ပြန်လာမှာပါ။ ဒီအသင်းကို ထိုက်တန်တဲ့နေရာမှာ ထားနိုင်ဖို့အတွက် ကျွန်တော်တို့ မရပ်မနားကြိုးစားသွားမှာပါ။ ချန်ပီယံလိဂ်ဖလားကို ဘာစီလိုနာအတွက် ရယူပေးသွားမှာပါ။ အဲဒီအတွက် ကျွန်တော် ကတိပေးပါတယ်။ ချန်ပီယံလိဂ်ဖလား မရမချင်း ကျွန်တော်တို့အနေနဲ့ လုံးဝရပ်တန့်သွားမှာ မဟုတ်ပါဘူး"ဟု Instagram တွင် ရေးသားခဲ့သည်။



