ယီမင် ဟူသီလက်နက်ကိုင်များက မေ ၄ ရက် အစောပိုင်းတွင် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွက် အစ္စရေးသည် အဆိုပါ အဖွဲ့အစည်းနှင့် ၎င်းနှင့်မိတ်ဖက် အီရန်နိုင်ငံအပေါ် လက်တုံ့ပြန်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ထိုနေ့ ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ယီမင် ဟူသီလက်နက်ကိုင်များ၏ တိုက်ခိုက်မှုသည် “အီရန်ကြောင့်” ဖြစ်ပြီး အစ္စရေးအနေဖြင့် အချိန်နှင့်နေရာ ရွေးချယ်၍ ဟူသီလက်နက်ကိုင်အဖွဲ့ နောက်ကွယ်က အင်အားဖြစ်သော အီရန်အပေါ် လှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။



