ဂျပန်မှာ ကြက်ညှာချောင်းဆိုးရောဂါဖြစ်ပွားသူအရေအတွက်ဟာ သုံးပတ်ဆက်တိုက် စံချိန်တင်မြင့်တက်လာခဲ့ပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါဟာ အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်စေတဲ့ ဘက်တီးရီးယားကြောင့် ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ ပြင်းပြင်းထန်ထန် အဆက်မပြတ် ချောင်းဆိုးတတ်ပြီး ခြောက်လအရွယ်အထိ မွေးကင်းစကလေးငယ်တွေဟာ အသက်ဆုံးရှုံးရနိုင်ပါတယ်။ နှစ်ဆန်းပိုင်းကနေ အခုအချိန်အထိ ကူးစက်သူ ၇,၀၈၄ ဦး ရှိပြီဖြစ်ပြီး ဒါဟာ အရင်နှစ်ရဲ့ စုစုပေါင်းအရေအတွက် ၃,၀၀၀ လောက်ကို ကျော်လွန်နေပြီ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ နှစ်လ ပြည့်ပြီးတဲ့ မွေးကင်းစကလေးငယ်တွေကို ကာကွယ်ဆေး အမြန်ထိုးပေးဖို့ ဂျပန်ကလေးသူငယ်အထူးကုဆရာဝန်များအသင်းက တိုက်တွန်းထားသည်။



