ဧပြီလ ၂၄ ရက် ညပိုင်းကရှမ်းပြည်နယ်အရှေ့ပိုင်း၊ တုံတာမြို့အနီးတွင် ကျိုင်းတုံမှ တောင်ကြီးသို့ ပြေးဆွဲသည့် ဒို့ညီနောင်ခရီးသည်တင်ယာဥ်လိုင်းမှ ယာဉ်တစ်စီး ချောက်ထဲကျတိမ်းမှောက်သွားကြောင်း ယာဉ်ပေါ်ပါလာသည့် ခရီးသည်များထံမှ သိရပါတယ်။ ဧပြီလ ၂၄ ရက်၊ ညနေ ၄ နာရီက ကျိုင်းတုံမှတောင်ကြီးသို့ ထွက်ခွာလာသည့် ဒို့ညီနောင်မှန်လုံယာဥ်ငယ်မှာ ည ၇ နာရီခွဲခန့်တွင်တုံတာမြို့အနီး ကိုးကွေ့တောင်ချောက်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းဖြစ်သူမှာ အရက်မူးနေကာ မဆင်မခြင် မောင်းနှင်သည့်အတွက် ချောက်ထဲသို့ ကျရခြင်းဖြစ်ပါတယ်။ကျိုင်းတုံမှ ညနေ ၄ နာရီကျော် စတင်ထွက်ခွာကတည်းက ယာဉ်မောင်းမှာ မူးနေပြီး ချော်လဲကာ မျက်လုံးများလည်း နီရဲနေကြောင်း၊ ခရီးသည်များက ဂိတ်မှူးကို ဝိုင်းပြောမှသာ ယင်းကားသမားကို နောက်မှလိုက်ခိုင်းကာ အခြားကားသမားတစ်ဦးဖြင့် နောင်ချိုအထိ မောင်းခိုင်းကြောင်း၊ ပန်ကြူအရောက်တွင် အရက်မူးနေသည့် ကားသမားက ပြန်လည်မောင်းနှင်ပြီး အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ကာ လမ်းတွင် ဘီယာတစ်ဘူး ထပ်သောက်ကြောင်း ခရီးသည်တစ်ဦးက ပြောပါတယ်။ယာဥ်ပေါ်တွင် ခရီးသည် အမျိုးသား ၂ ဦး၊ ၄ နှစ်ခွဲ ကလေးငယ်အပါ အမျိုးသမီး ၆ ဦး ၊ စုစုပေါင်း ၈ ဦး ပါရှိရာ ရမခ သို့သွားမည့် ကိုယ်ဝန်ဆောင်သည်တစ်ဦး ခါးထိသွားပြီး ကျန်သူများ ဒဏ်ရာအနည်းငယ်ဆီရခဲ့ပါတယ်။
ခရီးသည်များမှာ မိမိအစီအစဥ်ဖြင့်မိမိ ခရီးဆက်ထွက်ကြရပြီး ခါးထိထားသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးကိုမူ ကျိုင်းတုံသို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရသလိုမူးနေသည့် ယာဥ်မောင်းဖြစ်သူ တောင်ကြီးမြို့နေ ကိုလဖစ် ၅၁ နှစ်ကို တုံတာနယ်မြေရဲစခန်းမှ ဖမ်းဆီးချုပ်နှောင် အမှုဖွင့်ထားပါတယ်။


