ကက်ရှ်မီးယားဒေသ ကမ္ဘာလှည့်ခရီးသွားမြို့ ပါဟယ်လ်ဂမ်တွင် သေနတ်သမားများက လူ ၂၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ပေါ်ပေါက်ခဲ့သဖြင့် အိန္ဒိယအစိုးရက ပါကစ္စတန်နှင့် ၎င်း၏ ဆက်ဆံရေးကို အဆင့်နှိမ့်ချမည့် အစီအမံတစ်ရပ်အား ကြေညာလိုက်သည်။ အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် နယ်စပ်ဖြတ်ကျော်ချိတ်ဆက်မှုရှိကြောင်း လုံခြုံရေးဆိုင်ရာ အစိုးရအဖွဲ့ အထူးအစည်းအဝေးတွင် ထုတ်ဖော်တင်ပြခဲ့ပြီးနောက် ပါကစ္စတန်ကို အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Vikram Misri က ဧပြီလ(၂၃)ရက် ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 


