မကြာသေးမီက ကွယ်လွန်သွားခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖရန် စစ်ရဲ့နေရာကို ဆက်ခံမယ့်သူစာရင်းမှာ မြန်မာနိုင်ငံမှ ကာဒီနယ်ချားလ်မောင်ဘို ပါဝင်တယ်လို့ နိုင်ငံတကာသတင်းတရပ်မှာဖော်ပြထားပါတယ်။ကာဒီနယ်ချားလ်မောင်ဘိုကို ရွှေဘိုခရိုင်၊ ခင်ဦးမြို နယ်၊ မုံလှရွာမှာ အဖဦးဂျွန်နဲ့ဒေါ်အေးတင်တို့က ၁၉၄၈ခုနှစ်၊အောက်တိုဘာ၂၉ ရက်မှာ မွေးဖွားခဲ့ပြီး၁၉၆၂ ခုနှစ် မှ ၁၉၇၆ ခုနှစ်အထိ အနီးစခန်းရှိ နာဇရက်ဆလေးရှင်းရဟန်းဖြစ်သင်တန်းကျောင်းမှာ ဆက်လက်ပညာသင်ကြားခဲ့ပြီး ၁၉၇၆ ခုနှစ် ဧပြီ ၉ ရက်နေ့က လားရှိုးမြို့မှာ ရဟန်းသိက္ခာခံယူခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ လားရှိးသာသနာနယ်ရရဲ့သာသနာ့ဦးစီးမှူးအဖြစ် ခန့်အပ်ခံရပြီး ၁၉၉၀ ပြည့်နှစ်မှာ လားရှိုးဂိုဏ်းအုပ် (Bishop of Lashio) အဖြစ် ဂုဏ်ပြုသိက္ခာတင်ခြင်းခံခဲ့ရပြီး ၁၉၉၆ ခုနှစ်မှာ ပုသိမ်သာသနာနယ် (Diocese of Pathein) ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၁ ခုနှစ် မတ် ၁၇ ရက်တွင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါ်လ်က သူ့ကို ဘာသာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပုပ်ရဟန်း မင်းကြီးကောင်စီရဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ ပါတယ်။၂၀၀၃ ခုနှစ် မေလ ၂၄ ရက်တွင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါ်လ်က သူ့ကို ရန်ကုန်မြို့ရဲ့ ဂိုဏ်းချုပ် သာသနာရှင် (Archbishop of Yangon) အဖြစ် ခန့်အပ်ခဲ့ပါတယ်။၂၀၀၉ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ် ၁၆ (Pope Benedict XVI) က ၎င်းအား ယဉ်ကျေးမှုဆိုင်ရာ ပုပ်ရဟန်း မင်းကြီးရဲ့ ကောင်စီ (Pontifical Council for Culture) အဖွဲ့ဝင်အဖြစ် ရွေးချယ်ခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ်အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတ်မှတ်ခဲ့ပါတယ်။ ကာဒီနယ်ချားလ်မောင်ဘိုဟာ အသက်၇၆နှစ်အရွယ်ကို ရောက်ရှိနေပြီး ပုပ်ရဟန်းမင်းကြီးနေရာ ဆက်ခံဖို့အတွက် အာရှဒေသက ကာဒီနယ်ချားလ်မောင်ဘိုအပြင် ဖိလစ်ပိုင်နိုင်ငံမှ တစ်ဦး၊ ဥရောပဒေသမှာ အီတလီမှ လေးဦး၊ဆွီဒင်၊ မော်လ်တာ၊ ပြင်သစ်၊ လူဇင်ဘတ်နဲ့Esztergom-Budapest မှ တစ်ဦးစီ၊ အာဖရိက ဒေသမှ ဂါနာနှင့် ကွန်ဂိုမှ တစ်ဦးစီ၊ အမေရိကဒေသမှာ အမေရိကန်မှ နှစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။



