မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမား ကီဗင် ဒီဘရိုင်းဟာ မကြာခင်မှာပဲ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တာကြောင့် သူ့ကိုခေါ်ယူဖို့ ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး အဲ့ဒီအသင်းတွေထဲမှာ ပရီးမီးယားလိဂ်က အက်စတွန် ဗီလာအသင်းလည်း ပါဝင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗီလာအသင်းဟာ ဒီနွေရာသီမှာ ကလပ်အသင်းလက်မဲ့ ဖြစ်လာတော့မယ့် အသက်(၃၃)နှစ်အရွယ် ဘယ်လ်ဂျီယံ ကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းကို ခေါ်ယူရေးနဲ့ ပတ်သက်ပြီး အသင်းအတွင်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။



