ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင်အထွက်အား ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးမှ ပြောကြားခဲ့သည်။ "ဌာနဆိုင်ရာတွေလည်း မဝင်သေးပါဘူး။ (၂၁)ရက်မှလို့တော့ကြားတယ်။ ဒီမှာလည်း ကိုးကန့်တပ်က သွားသွားလာလာပဲ တွေ့နေရတယ်။ စစ်သားလည်းရှိတယ်။ ရဲလည်းရှိတယ်။ MNDAA ဘက်ကပေါ့။ လမ်းပိတ်ထားတာက မနက် (၇)နာရီကနေပြီးတော့ နေ့လယ် (၁၂)နာရီအထိပေါ့။ သိပ်တော့မကြာဘူး။ ထူးခြားမှုမရှိသေးပါဘူး"ဟု ၎င်းက ရှင်းပြသည်။ ဧပြီ (၁၈)ရက် နံနက်အစောပိုင်းတွင် လားရှိုး-သီပေါကြား ပြည်ထောင်စုလမ်းမကြီး နေရာအချို့၌ ယာယီလမ်းပိတ်မှုရှိခဲ့ရာမှ နေ့လယ်(၁၂)နာရီ နောက်ပိုင်းတွင် လမ်းပြန်ပွင့်သွား၍ အတက်အဆင်းကားကြီးကားငယ်များ ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း နောက်ထပ်ဒေသခံ တစ်ဦးက ရေးသားမျှဝေထားသည်ကိုလည်းတွေ့ရသည်။



