မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့သဖြင့် Operation Starlight III အစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေးအဖြစ် မလေးရှားအစိုးရက မလေးရှားလက်နက်ကိုင်တပ်ဖွဲ့(ATM) မှ ဆေးဖက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်ကြောင်း သိရသည်။ အဖွဲဝင် ၆၉ ဦးပါ စစ်ဆေးအဖွဲ့တွင် အရာရှိ ၁၆ ဦးနှင့် အမျိုးမျိုးသော နယ်ပယ်အလိုက် ကျွမ်းကျင်သူ ၅၃ ဦး ပါဝင်သည်ဟု ATM ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Datuk Dr Zulkeffeli Mat Jusoh က ပြောကြားခဲ့သည်။ “ဒီအစီအစဉ်ဟာ ယာယီဆေးရုံကို တစ်လကြာ လည်ပတ်ဆောင်ရွက်ဖို့ဖြစ်ပြီး အဲဒီနောက် ကွင်းဆင်းလေ့လာမှုတွေအပေါ် အခြေခံလို အကဲဖြတ်သုံးသပ်မှုတွေလုပ်ကာ နောက်ထပ်လိုအပ်မှုတွေကို ဆုံးဖြတ်ဆောင်ရွက်သွားမှာပါ” ဟု သောကြာနေ့က Subang လေတပ်စခန်းတွင် ပြုလုပ်သော စစ်ဆေးအဖွဲ့စေလွှတ်ခြင်းအခမ်းအနားအတွင်း သတင်းထောက်များကို ၎င်းက ပြောကြားခဲ့သည်။



