ယူကေမှ အဆင့်မြင့်ပညာရေး စာရင်းအင်း အေဂျင်စီ Higher Education Statistics Agency (HESA) အသစ်ထုတ်ပြန်သည့် ဒေတာအရ ယူကေမှ တက္ကသိုလ်အချို့တွင် နိုင်ငံတကာကျောင်းသား အရေအတွက်သည် ယမန်နှစ်တွင် သိသိသာသာကျဆင်းသွားခဲ့ပြီး တက္ကသိုလ်တစ်ခုတွင် စာရင်းသွင်းမှု ၈၀% နီးပါးကျဆင်းသွားသည်။ ဥရောပ မဟုတ်သော နိုင်ငံများမှ နိုင်ငံတကာ ကျောင်းသား စာရင်းသွင်းမှုသည် ၁၀% လျော့ကျသည်။ အများဆုံး လျော့ကျသည့် နိုင်ငံများမှာ နိုင်ဂျီးရီးယား (၃၆% လျော့ကျ)၊ အိန္ဒိယ (၁၅% လျော့ကျ) နှင့် တရုတ် (၄% လျော့ကျ) တို့ ဖြစ်သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ယူကေတက္ကသိုလ်များမှာ စာရင်းသွင်းသော နိုင်ငံတကာကျောင်းသား စုစုပေါင်း ၇၃၂,၂၈၅ ဦး ရှိပြီး ယင်းတို့အနက် ၆၅၆,၇၃၅ ဦးသည် ဥရောပ မဟုတ်သော နိုင်ငံများမှ ဖြစ်သည်။



