East Japan Railway (JR East) ကုမ္ပဏီက Joetsu Shinkansen ရထားတွေအတွက် မျက်နှာမှတ်သားတဲ့ လက်မှတ်ဂိတ်တွေ စမ်းသပ်အသုံးပြုမှာ ဖြစ်တယ်လို့ ပြောပါတယ်။ စမ်းသပ်မှုကို Niigata နဲ့ Nagaoka ဘူတာတွေမှာ ပြုလုပ်မှာ ဖြစ်ပြီး ရထားလက်မှတ်ကိုင်ဆောင်ထားတဲ့ စေတနာ့ဝန်ထမ်းတွေက အဲဒီဘူတာနှစ်ခုအကြား ရထားစီးမှာ ဖြစ်ပါတယ်။ လက်မှတ်ဖြတ်တဲ့ ဂိတ်တွေမှာ ကင်မရာတွေက ခရီးသည်တွေကို အသိအမှတ်ပြုပြီးနောက် ဖြတ်သန်းသွားလာခွင့် ပေးမှာ ဖြစ်ပါတယ်။ JR East ဟာ လာမယ့် ၁၀ နှစ်အတွင်း စက္ကူလက်မှတ်နဲ့ IC ကတ် မလိုအပ်တဲ့ လက်မှတ်ဂိတ်တွေကို စတင်အသုံးပြုဖို့ စီစဉ်ထားပါတယ်။ ဂျပန်မှာ မျက်နှာမှတ်သားတဲ့ လက်မှတ်ဂိတ်တွေကို Keisei Electric Railway ကုမ္ပဏီရဲ့ Skyliner အမြန်ရထားတွေနဲ့ Osaka Metro ရဲ့ ရထားတွေမှာ အသုံးပြုနေပြီ ဖြစ်ပါတယ်။



