ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းရေမှာ ညစ်ညမ်းစံချိန်သတ်မှတ်နှုန်းထက် မြင့်တက်နေ၍ အဆိုပါ ချောင်းရေကို အသုံးပြု၍ ရေကစားခြင်း မပြုလုပ်ကြရန် မယ်ဆိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးက ဧပြီလ (၉)ရက် ရက်စွဲဖြင့် မေတ္တာရပ်ခံထားသည်။ မယ်ဆိုင်ချောင်းအတွင်းရှိ ရေနမူနာကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်ခရိုင်၊ ပြည်သူ့ကျန်းမာရေးရုံးက စစ်ဆေးရာတွင် ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ချင်းမိုင်ခရိုင် ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးရုံးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးရုံးသို့ ထပ်မံစစ်ဆေးရန် ပေးပို့ထားသည့်အတွက် စစ်ဆေးနေစဉ်အတွင်း ချောင်းရေ အသုံးပြု၍ ရေကစားခြင်းအားရှောင်ကြပါရန် မေတ္တာရပ်ခံထားခြင်းဖြစ်ကြောင်း သိရသည်။



