စစ်ကိုင်းတိုင်းဒသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ခရမ်းချဉ်သီးများ ဆွတ်ခူးချိန်ဆုံလာသဖြင့် မတ်လ ၂၈ရက်ခန့်မှစ၍ ဈေးနှုန်းကျဆင်းလာကာ လက်ရှိ ဈေးနှုန်း တစ်ပိဿာ ၅၀၀ကျပ်ဖြင့်သာ ရောင်းချရသည့်အပြင် တွင်ကျယ်စွာ ရောင်းချနိုင်ခြင်းမရှိသောကြောင့် အသီးများဆွတ်ခူးခြင်းကို တောင်သူအချို့က ရပ်နားထားရကြောင်း ယားပင်းကျေးရွာက ခရမ်းချဉ်စိုက်တောင်သူထံမှ သိရသည်။ ယခင်နှစ်များက အခြားဒေသသို့တင်ပို့ရောင်းချရာတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်နေ သဖြင့် ထွက်ရှိသည့်သီးနှံများ ဈေးနှုန်းရရှိပြီး တွင်ကျယ်စွာရောင်းချနိုင်ခဲ့ကာ တောင်သူအချို့ အဆင်ပြေခဲ့ကြောင်း၊ ယခုနှစ်တွင် ရေလမ်း၊ ကုန်းလမ်းများမှကုန်စည်စီးဆင်းမှုမရှိသဖြင့် မြို့နယ်အတွင်းနှင့် အခြားဒေသသို့ တင်ပို့ရောင်းချနိုင်မှုမရှိကြောင်း၊ ယခုအခါ မြို့တွင်းရှိ စားသုံးသူများကို ရောင်းချနေရပြီး လက်ရှိ ဈေးနှုန်း ၅၀၀ကျပ်မှာ တောင်သူအချို့က အရှုံးဈေးနှင့်ရောင်းချနေသော်လည်း အချို့တောင်သူများက တွင်ကျယ်စွာရောင်းချနိုင်ခြင်း မရှိသည့် အတွက် သယ်ယူစရိတ်ပင်မရရှိ၍ အသီးဆွတ်ခူးခြင်းကို ရပ်နားထားကြောင်း သိရသည်။



