ဂျပန်နိုင်ငံ၊ တိုကျိုစတော့ရှယ်ယာဈေးကွက်ရဲ့ အဓိကအညွှန်းကိန်း Nikkei ဟာ ဧပြီလ ၇ ရက် တနင်္လာနေ့မှာ ကျဆင်းခဲ့ပါတယ်။ အစုရှယ်ယာတွေ ထုတ်ရောင်းလာကြတာဟာ ကုန်သွယ်ရေး မပြေလည်မှုတွေ တိုးလာတာကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းနိုင်တယ်ဆိုတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ထင်ဟပ်နေပါတယ်။ Nikkei 225 အညွှန်းကိန်းဟာ တစ်ချိန်မှာ သောကြာနေ့ ဈေးပိတ်ချိန်ကထက် ၂,၉၀၀ မှတ် ဒါမှမဟုတ် ၈.၈ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပါတယ်။ ဒါဟာ အဲဒီအညွှန်းကိန်းရဲ့တစ်နေ့တာအတွင်းကျဆင်းမှု တတိယအကြီးဆုံး ပမာဏ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ Donald Trump ရဲ့ အခွန်စည်းကြပ်မှုတွေကို တန်ပြန်တဲ့ တရုတ်ရဲ့အခွန်စည်းကြပ်မှုဆိုင်ရာကြေညာချက်က ဈေးကွက်ကို ကမောက်ကမ ဖြစ်စေခဲ့ပါတယ်။



