ရှမ်းတောင် ကလောနဲ့ သာစည်မြို့နယ်အစပ်က ငလျင်ဘေးဒဏ် သင့်ခဲ့ရတဲ့ ကျေးရွာတချို့မှာ ၁၀ ရက်ကျော်ကြာတဲ့အထိ အကူအညီမရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ငလျင်ဘေးဒဏ်သင့်တဲ့ ကျေးရွာတွေထဲမှာ ပိန္နဲပင်ရွာ၊ ရွှေမင်းဖုန်း၊ တောင်ပဲ့၊ စေတီတောင်ရွာနဲ့ စေတီမြောက်ရွာတွေဖြစ်ပြီး ပျက်သွားတဲ့နေအိမ် ၂၀၀ နီးပါးရှိနိုင်ပြီး အဲဒီထဲမှ ပျက်စီးမှုအများဆုံးဟာ ပိန္နဲပင်နဲ့ ရွှေမင်းဖုန်းကျေးရွာက ဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိမှာ ဒေသခံတွေ နေ့စဥ်စားသောက်ဖို့ ရွာခံအချင်းချင်း ကူညီတာရှိပြီးပြန်လည်ထူထောင်ရေးအတွက် သွပ်ပြားအပါအဝင် အိမ်ဆောက်ပစ္စည်းတွေ အဓိက လိုအပ်နေတယ်လို့ တောင်ပဲ့ရွာဘုန်ကြီးက မိန့်ပါတယ်။ လက်ရှိအချိန်ထိ နေရာတချို့မှာ ကူညီကယ်ဆယ်ရေး ဆက်လုပ်နေပြီး မထုတ်နိုင်သေးတဲ့ အလောင်းတွေလည်း ဆက်ရှိနေပါတယ်။



