ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်အတွင်း သစ်များကို တစ်ရက်လျှင် ၁၀ စီးမှ ၃၀ စီး ထုတ်ယူသယ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။မိုင်းပန်မြို့နယ်အတွင်းပါဝင်သည့် သံလွင်မြစ်အနောက်ဘက်ကမ်းမှ ကျွန်း၊ ပိတောက်၊ သစ်မာ စသည့် သစ်မျိုးစုံကို ချိန်းဆော၊ ပတ်လွှ၊ လွှဝိုင်းအများအပြားဖြင့် အချောထည်အထိထုတ်ကာ သယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။သစ်ကို အလုံးလိုက် အကြမ်းထည်ထုတ်ယူခြင်း မဟုတ်ဘဲ သစ်ဖြတ်လက်ကိုင်ချိန်းဆောများ၊ သစ်ရွေသည့် ပတ်လွှအကြီး ၁၀ ခုကျော်နှင့် ၂ ပေ ၃ ပေ လွှဝိုင်းသစ်ခွဲရုံ ၃၀ ကျော်ဖြင့် တရစပ် နေ့ညထုတ်နေခြင်း ဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။



