ဧပြီ ၅ ရက်ညပိုင်းက လေပြင်းတိုက်ပြီး မိုးရွာသွန်းခဲ့တဲ့ မန္တလေးနဲ့ စစ်ကိုင်းမှ ငလျင်ဘေးဒဏ်သင့်နေရာတွေမှာ နောက်ဆက်တွဲ ရောဂါများမဖြစ်ပွားအောင် ဂရုပြုဖို့ လိုအပ်တယ်လို့ မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ငလျင်ဘေးသင့်နေရာမှာ သေဆုံးရုပ်အလောင်းတွေကျန်ရှိနိုင်သေးတယ်လို့ ယူဆထားတဲ့ မြေပြင်နေရာများမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ ကာလ ဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါ၊ရုတ်တရက် အပူကြီး၍ဖျားနာခြင်း၊ အရေပြားဆိုင်ရာရောဂါများ မဖြစ်ပွားရအောင် အထူးသတိပြုနေထိုင်ရန်လိုအပ်နေပါတယ်။မန္တလေးမှာ ယနေ့မနက်ပိုင်းအထိ မိုးရွာနေတာ ဖြစ်ပြီး ယမန်နေ့က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ယာယီတဲတွေ ပျက်စီးကာ ယာယီနေထိုင်ခိုလှုံသူတွေမှာ များစွာဒုက္ခကြုံနေကြရပါတယ်။လက်ရှိမှာတော့ မန္တလေးတောင်ခြေ၊ အောင်မြေသာစံမြို့နယ်၊ ၆၅ လမ်းနဲ့ တောင်ဘက် ၁၂ လမ်းနဲ့ ကျုံးမြို့ရိုး၊ မြောက်ဘက်မှာရှိတဲ့ သုဓမ္မာဇရပ်နဲ့ ဇရပ်အနောက်ဘက်တွေမှာ ယာယီနေထိုင်ခိုလှုံနေထိုင်ကြတယ်လို့ သိရပါတယ်။



