နေပြည်တော်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးရာသီရောက်လာခြင်း၊ စက်သုံးဆီဈေးကြီးမြင့်ခြင်းနှင့် လမ်းခရီးသယ်ယူစရိတ် တက်လာခြင်းတို့ကြောင့် ဝါး၊ ဝါးထရံ၊ မျောတိုင်နှင့် သက်ငယ်ဈေးနှုန်းများ ယခင်နှစ်ထက် နှစ်ဆခန့် မြင့်တက်လာကြောင်း သိရသည်။ နေပြည်တော်တွင် ဝါးတောများမရှိသဖြင့် အရှေ့ရိုးမနှင့် အနောက်ရိုးမတောများမှတစ်ဆင့် ခက်ခဲစွာ သယ်ယူနေရ၍ ယခုကဲ့သို့ ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။ယခင်က ကျပ် ၁,၀၀၀ ကျော်သာရှိသော ကျသောင်းဝါးနှင့် မျှင်ဝါးတစ်လုံးမှာ ကျပ် ၂,၅၀၀ မှ ၃,၀၀၀ အထိ၊ တင်းဝါးတစ်လုံးမှာ ကျပ် ၁,၅၀၀ ကျော်အထိ ဖြစ်လာပြီး ရိုးရိုးဝါးထရံတစ်ချပ်လျှင် ကျပ် ၁၇,၀၀၀ အထိ ဈေးမြင့်သွားသည်။ ထို့ပြင် အမိုးအဖြစ်သုံးသည့် သက်ငယ်ဈေးနှုန်းမှာလည်း အပျစ်တစ်ရာလျှင် ကျပ် ၉၀,၀၀၀ မှ ၁ သိန်းဝန်းကျင်အထိ အဆမတန်ဈေးကြီးလာသဖြင့် အခြေခံလူတန်းစားများမှာ သက်ငယ်အစား သွပ်အဟောင်းနှင့် သွပ်အသစ်များကိုသာ အစားထိုးဝယ်ယူ မိုးလာကြကြောင်း သိရသည်။



