ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဇမိမြစ်ရေသည် ဇူလိုင်လ ၁၁ ရက်နေ့မှစ၍ ဆက်တိုက်မြင့်တက်လာခဲ့ရာ ဇူလိုင်လ ၁၃ ရက်နေ့တွင် ပုံမှန်ထက် ၂၃ ပေ ၃ လက်မအထိ မြင့်တက်လာပြီး ရေစီးသန်နေသဖြင့် မုဒုံ-ဘုရားသုံးဆူလမ်းပိုင်းတွင် သွားလာနေသည့် ယာဉ်အစီးရေ ရာနှင့်ချီ ဖြတ်သန်းမရဘဲ ပိတ်မိနေကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီအရ သိရသည်။
ဘုရားသုံးဆူ အတက်အဆင်းယာဉ်များသည် ဓနုံးနှင့် ရေလဲကမ်းတို့တွင် တန်းစီစောင့်ဆိုင်းနေရပြီး ခရီးသည်တင်ယာဉ် ၅၀ ထက်မနည်း လှည့်ပြန်ခဲ့ရသည်။လက်ရှိတွင် ခရီးသည်များသည် ဘီးအမြင့်ကားများဖြင့်သာ သွားလာနေရပြီး မြစ်ရေကြီးမှုနှင့်အတူ မိုးတွင်းလမ်းပျက်စီးမှုများကြောင့် နောင်ပရေ့နှင့် လှိုင်ကနီလမ်းပိုင်းတို့တွင် လူနှင့်ကုန်ပစ္စည်းများကို လှေများဖြင့် နှစ်ဆင့်ကူးပြောင်း သွားလာနေရသည်။ လမ်းခရီးပိတ်ဆို့မှုကြောင့် ခရီးသွားအချို့ လမ်းတွင် ညအိပ်ရပ်နားရသည့် အခက်အခဲများ ကြုံတွေ့နေရသဖြင့် ယာဉ်မောင်းများက လမ်းပိုင်းအခြေအနေကို သေချာစုံစမ်းပြီးမှ သွားလာကြရန် တိုက်တွန်းထားသည်။မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၁၃ ရက် ထုတ်ပြန်ချက်အရ မုတ်သုံလေ အားကောင်းနေမှုကြောင့် မွန်နှင့်ကရင်ပြည်နယ်တို့တွင် ဇူလိုင်လ ၂၀ ရက်နေ့အထိ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ သို့ဖြစ်ရာ မိုးနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် အထူးသတိပြုကြရန် နှိုးဆော်ထားသည်။



