ကယား (ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းရှိ ဒေသခံများနေ့စဉ်အသုံးပြုနေရသော လမ်းမကြီးတစ်နေရာတွင် အရှည် ပေ ၁၀၀ ကျော်ခန့်ရှိသည့် လမ်းအက်ကွဲမှုနှင့် မြေကျွံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ အဆိုပါလမ်းသည် ကမ်းပါးဘေးမှစတင်ကာ ဘေးဘက်အထိ ၃ လက်မမှ ၆ လက်မခန့်အထိ အောက်သို့ နိမ့်ကျကျွံဝင်နေခြင်း ဖြစ်သည်။ဖရူဆိုမြို့နယ်အတွင်း မိုးရာသီကာလ၌ နှစ်စဉ် မြေပြိုမှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ ယခုကဲ့သို့ လမ်းမကြီး ကွဲအက်ကျွံကျလာမှုကြောင့် လမ်းပိတ်ဆို့ပြီး သွားလာရေး ပြတ်တောက်သွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ ယင်းလမ်းသည် ကျောင်းသွားကျောင်းလာနှင့် လူမှုစီးပွားရေးအတွက် အဓိကအားထားရသည့် တစ်ခုတည်းသော လမ်းဖြစ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မြေပြင်သို့ အမြန်ဆုံး ကွင်းဆင်းကြည့်ရှု စစ်ဆေးပေးစေလိုကြောင်း ဒေသခံများက လိုလားနေကြသည်။



