ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဖူကုခ် (Phu Quoc) ကျွန်းအနီး မေရုသ်ငွိုင် (May Rut Ngoai) ကျွန်းငယ်မှ ခရီးသည်များကို တင်ဆောင်လာသည့် စပိဘုတ်တစ်စီး လှိုင်းကြီးလေထန်မှုကြောင့် မှောက်ခရီးသွားခဲ့ရာ အိန္ဒိယနိုင်ငံသား ၁၅ ဦး သေဆုံးခဲ့ရပြီးနောက် ဒေသတွင်း ကျွန်းပတ်စပိဘုတ်ခရီးစဉ်များကို ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
အဆိုပါ စပိဘုတ်ပေါ်တွင် အိန္ဒိယခရီးသည် ၃၂ ဦးနှင့် ဗီယက်နမ်အမှုထမ်း၊ ဧည့်လမ်းညွှန် ၄ ဦး၊ စုစုပေါင်း ၃၆ ဦး လိုက်ပါလာခဲ့ပြီး ကမ်းခြေနှင့် မီတာ ၄၀၀ ခန့်အကွာတွင် လှိုင်းကြီးပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ ၂၁ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ဗီယက်နမ်ဝန်ကြီးချုပ် လီမင်ဟန် (Le Minh Hung) က ဖြစ်စဉ်နှင့်ပတ်သက်၍ အရေးပေါ်စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားပြီး ဘေးကင်းလုံခြုံရေးစည်းကမ်းများ ချိုးဖောက်မှု သံသယဖြင့် စပိဘုတ်မောင်းနှင်သူ အသက် ၅၇ နှစ်အရွယ် ကပ္ပတိန်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားသည်။


