ထိုင်းနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်ဌာနက နိုင်ငံအတွင်းရှိ ပြည်နယ် ၄ ခုမှ ကျေးရွာပေါင်း ၅၂ ရွာတွင် ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များ ဖြစ်ပွားနိုင်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့တွင် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။ အဆိုပါ သတိပေးချက်ကို ချင်းရိုင်၊ နန်၊ တရတ်နှင့် ကန်ချနဘူရီပြည်နယ်များရှိ ရေမှတ်စောင့်ကြည့်စခန်း ၁၆ ခုမှ ရရှိသော အချက်အလက်များအရ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ ပြည်နယ် ၄ ခုအနက် မြန်မာနယ်စပ်နှင့် နီးစပ်သည့် ချင်းရိုင်ပြည်နယ်သည် ထိခိုက်မှုအရှိနိုင်ဆုံးဖြစ်ပြီး စောင့်ကြည့်အဆင့်တွင် ၁၄ ရွာ၊ ပြင်ဆင်ရန်အဆင့်တွင် ရွာ ၂၀ နှင့် အရေးပေါ်အနီရောင်အဆင့်တွင် ၈ ရွာ၊ စုစုပေါင်း ၄၂ ရွာအထိ ပါဝင်နေသည်။ ထို့ပြင် ကန်ချနဘူရီပြည်နယ်တွင် ၄ ရွာ၊ နန်ပြည်နယ်တွင် ၃ ရွာနှင့် တရတ်ပြည်နယ်တွင် ၃ ရွာ အသီးသီး ပါဝင်နေသည်။ လက်ရှိတွင် ထိုင်းမြောက်ပိုင်းဒေသ၏ ၇၀ ရာခိုင်နှုန်းခန့်တွင် မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် မြေဆီလွှာစိုစွတ်မှု ညွှန်းကိန်းမြင့်တက်လာကာ တောင်ခြေနှင့် မြေနိမ့်ပိုင်းဒေသများ၌ ရေကြီးမြေပြိုမှုများ ပိုမိုဖြစ်ပွားလာနိုင်ခြေ ရှိနေသည်။ ဒေသခံပြည်သူများအနေဖြင့် လတ်တလောအခြေအနေများကို သိရှိနိုင်ရန် ရေအရင်းအမြစ်ဌာန၏ ဝဘ်ဆိုက်၊ Early Warning System ဝဘ်ဆိုက်နှင့် EWS DWR မိုဘိုင်းအက်ပလီကေးရှင်းတို့မှတစ်ဆင့် ၂၄ နာရီပတ်လုံး အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှု စစ်ဆေးပြင်ဆင်ကြရန် တိုက်တွန်းထားသည်။



