မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၅) ပထမနေ့ပွဲစဉ်များကို ဇူလိုင်လ ၁၃ ရက် ညနေပိုင်းက ကျင်းပခဲ့ရာ အမှတ်ပေးဇယားထိပ်ဆုံးမှ ISPE အသင်းက သစ္စာအားမာန်အသင်းကို ၁-၀ ဂိုးဖြင့်လည်းကောင်း၊ ရတနာပုံအသင်းက Young Lionesses အသင်းကို ၂-၁ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။ ယခုနိုင်ပွဲကြောင့် ISPE အသင်းသည် ၅ ပွဲကစား ၅ ပွဲစလုံး အနိုင်ရရှိကာ ရမှတ် ၁၅ မှတ်ဖြင့် ဇယားထိပ်ဆုံး၌ ဆက်လက်ဦးဆောင်နေပြီး ယနေ့ပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကို အသင်းခေါင်းဆောင် ခင်မာလာထွန်းက ဆွတ်ခူးခဲ့သည်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် ယခုရာသီတွင် ပြိုင်ပွဲဝင် အသင်း ၁၀ သင်းစလုံးကို ရပ်တည်မှုအဆင့်အလိုက် ဆုကြေးငွေများ တိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်ရာ ချန်ပီယံအသင်းအတွက် ဆုကြေးကို ယခင်နှစ် ချန်ပီယံဆုကြေး (ကျပ်သိန်း ၅၀၀) ထက် နှစ်ဆတိုး၍ ကျပ်သိန်း ၁,၀၀၀ အထိ ချီးမြှင့်သွားမည်ဖြစ်သည်။ ထို့ပြင် ဒုတိယအဆင့်မှ ဒသမအဆင့်အထိ အသင်းများကိုလည်း ကျပ်သိန်း ၇၀၀ မှ ကျပ် ၇၅ သိန်းအထိ အဆင့်လိုက် ချီးမြှင့်မည့်အပြင်၊ အခြေခံထောက်ပံ့ငွေအဖြစ် တစ်သင်းလျှင် ကျပ်သိန်း ၅၀၀ စီနှင့် သတ်မှတ်ချက် Criteria ပြည့်မီသည့်အသင်းများကို ကျပ်သိန်း ၂၀၀ စီ ထပ်မံထောက်ပံ့သွားမည်ဖြစ်သည်။ယခုရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဧရာဝတီ၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ မြဝတီ၊ ISPE၊ သစ္စာအားမာန်၊ ရန်ကုန်စီးတီ၊ Young Lionesses၊ ရတနာပုံနှင့် ဇွဲကပင်ယူနိုက်တက် စသည့် ပြိုင်ပွဲဝင်ကလပ်အသင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
| 20 | 0 | 0 | 0 |


