ထိုင်းနိုင်ငံတွင် QR Code၊ မိုဘိုင်းဘဏ်လုပ်ငန်းနှင့် e-Wallet ကဲ့သို့ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ငွေသားအသုံးပြုမှု လျော့နည်းလာခြင်းကြောင့် ဈေးကွက်အတွင်း လည်ပတ်နေသည့် အကြွေစေ့ သန်းရာနှင့်ချီ ပျောက်ကွယ်နေကြောင်း ထိုင်းဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ The Nation Thailand သတင်းတွင် ဖော်ပြထားသည်။အကြွေစေ့အများစုမှာ အလိုအလျောက် အရောင်းစက်များ၊ အဝတ်လျှော်စက်များ၊ ကားပါကင်စက်များ၊ ဘုန်းကြီးကျောင်း အလှူခံပုံးများနှင့် နေအိမ်များတွင်သာ သောင်တင်စုဆောင်းမိနေပြီး ဘဏ်စနစ်အတွင်းသို့ ပြန်လည်ဝင်ရောက်မှု နည်းပါးနေသည်။ ယင်းကြောင့် ဈေးကွက်အတွင်း အကြွေစေ့ရှားပါးမှုကို ဖြေရှင်းရန်နှင့် အကြွေစေ့စုဆောင်းမှုဈေးကွက် မြှင့်တင်ရန်အတွက် "Coin Market" အမည်ရှိ တရားဝင် အွန်လိုင်းပလက်ဖောင်းတစ်ခုကို စတင်ဖွင့်လှစ်ခဲ့သည်။အဆိုပါ ပလက်ဖောင်းဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ဘဏ္ဍာရေးဌာန သိုလှောင်ခန်းအတွင်း နှစ်ပေါင်းများစွာ အသစ်စက်စက် သိမ်းဆည်းထားသည့်၊ ၁၉၉၀ ပြည့်နှစ်က အစေ့ရေ ၁၀၀ သာ အထူးထုတ်လုပ်ခဲ့သော ရှားပါး ၁၀ ဘတ်တန် အကြွေစေ့တစ်စေ့ကို လေလံတင်ရောင်းချသွားမည်ဖြစ်ရာ ယင်း၏တန်ဖိုးမှာ ဘတ် ၁ သန်း (မြန်မာငွေ သိန်းရာနှင့်ချီ) ခန့်အထိ ရရှိနိုင်ကြောင်း ခန့်မှန်းထားသည်။လက်ရှိတွင် အကြွေစေ့များ ပြန်လည်လည်ပတ်မှု နည်းပါးခြင်းကြောင့် နိုင်ငံတော်မှ အကြွေစေ့အသစ်များ ထပ်မံထုတ်လုပ်နေရသဖြင့် သွန်းလုပ်မှုကုန်ကျစရိတ်များ မြင့်တက်နေသည်။ ယခု Coin Market ပလက်ဖောင်းသည် ရှားပါးအကြွေစေ့များနှင့် အထိမ်းအမှတ် ငွေကြေးပစ္စည်းများကို စုဆောင်းသူများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ယုံကြည်စိတ်ချစွာ ရောင်းဝယ်နိုင်မည့်အပြင် နိုင်ငံအတွင်း အကြွေစေ့လည်ပတ်မှုစနစ်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုကြောင့် ရှားပါး ၁၀ ဘတ်တန် အကြွေစေ့ကို ဘတ် ၁ သန်းဖြင့် လေလံတင်မည်ဖြစ်
Jul 14 • 1:44 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


