ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း အနီးတစ်ဝိုက်အပါအဝင် မြို့ပေါ်နေရာအချို့တွင် ကလေးသူငယ်များနှင့် အသက် ၄၀ ဝန်းကျင် တောင်းရမ်းစားသောက်သူများ ယခင်ကထက် ပိုမိုများပြားလာကြောင်း ဇူလိုင်လ ၁၂ ရက်နေ့တွင် ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် ငွေကြေးတောင်းရမ်းသူများကို မြို့အဝင် BOC ဓာတ်ဆီဆိုင်၊ ညဈေးတန်း၊ မြို့မဈေးအနီးနှင့် တန်ဆောင်တိုင်ကွင်း (အဝေရာကွင်း) ဝန်းကျင်တို့၌ အများဆုံး တွေ့ရှိနေရပြီး မိုးရွာသွန်းချိန်တွင် ကွင်းအဝင်မုဒ်ဦးအောက်၌ အိပ်စက်နေကြသူများလည်း ရှိနေသည်။ဒေသခံများ၏ ပြောပြချက်အရ အဆိုပါ တောင်းရမ်းသူအချို့မှာ နေ့ဘက်တွင် လှည့်လည်တောင်းရမ်း စုံစမ်းပြီး ညဘက်တွင် ပစ္စည်းများ လာရောက်ခိုးယူခြင်းများ ပြုလုပ်နေကြသဖြင့် စဝ်စံထွန်းရပ်ကွက်အပါအဝင် မြို့ခံပြည်သူများအကြား လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ တောင်ကြီးမြို့ စည်ပင်သာယာရေးအဖွဲ့များက ၎င်းတို့ကို ဖယ်ရှားပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သော်လည်း ပြန်လည်ရောက်ရှိလာလေ့ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း မြို့အဝင် BOC ဓာတ်ဆီဆိုင်အနီး နေထိုင်သည့် တောင်းရမ်းသူအမျိုးသားတစ်ဦးကို အိမ်တွင်းခိုးယူမှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ရှိ အဝေရာမီးပုံးပျံကွင်းအနီးတစ်ဝိုက်တွင် ကလေးသူငယ်များအပါအဝင် တောင်းရမ်းသူများ ပိုမိုများပြားနေ
Jul 13 • 6:57 AM
Myanmar
Shan
Share
| 14 | 0 | 0 | 0 |


