ဂျပန်အစိုးရသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝင်ရောက်မှုလုပ်ငန်းစဉ်များ ချောမွေ့စေရန်အတွက် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာကင်းလွတ်ခွင့် (Short-Term Visa Exemption) ဖြင့် လာရောက်ခွင့်ရှိသည့် ၇၄ နိုင်ငံနှင့် ဒေသများစာရင်းကို ထုတ်ပြန်ကြေညာထားသည်။အဆိုပါ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်အရ သတ်မှတ်ထားသည့် ၇၄ နိုင်ငံမှ နိုင်ငံသားများသည် ကမ္ဘာလှည့်ခရီးသွားလာခြင်း၊ စီးပွားရေးဆွေးနွေးခြင်းနှင့် ဆွေမျိုးမိတ်ဆွေများထံ အလည်အပတ်သွားခြင်းတို့အတွက် ဂျပန်နိုင်ငံအတွင်း ဗီဇာလျှောက်ထားရန်မလိုဘဲ ရက်ပေါင်း ၁၅ ရက်မှ ၉၀ ရက်အထိ အသီးသီး နေထိုင်ခွင့်ရရှိကြမည်ဖြစ်သည်။ ဗီဇာကင်းလွတ်ခွင့်ရရှိသည့် ဒေသများတွင် ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုနှင့် အာရှ-ပစိဖိတ်ဒေသမှ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တို့ ပါဝင်သည်။ နေထိုင်ခွင့်ကာလအနေဖြင့် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံသားများကို ၁၅ ရက်၊ ဘရူနိုင်းနှင့် ကာတာနိုင်ငံသားများကို ရက်ပေါင်း ၃၀ နှင့် အခြားသော ကင်းလွတ်ခွင့်ရနိုင်ငံများကို ရက်ပေါင်း ၉၀ အထိ သတ်မှတ်ပေးထားသည်။တစ်ချိန်တည်းမှာပင် ဂျပန်အစိုးရသည် အဆိုပါ ဗီဇာကင်းလွတ်ခွင့်ရ ၇၄ နိုင်ငံမှ ခရီးသွားများအတွက် လေဆိပ်များတွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့် မျက်နှာချင်းဆိုင် စစ်ဆေးမှုခံယူရန်မလိုဘဲ ဒစ်ဂျစ်တယ်စနစ်ဖြင့် လျင်မြန်စွာဖြတ်သန်းနိုင်မည့် အလိုအလျောက် ဂိတ်စနစ် (Integrated Kiosk) နှင့် JESTA ဟုခေါ်သော အွန်လိုင်းကြိုတင်ခရီးသွားခွင့်ပြုချက်စနစ်အသစ်ကိုပါ ပူးတွဲအကောင်အထည်ဖော်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
Jul 13 • 4:50 AM
Japan
Local News
Share
| 9 | 0 | 0 | 0 |


