မြန်မာနိုင်ငံ၏ ထိပ်တန်း Esports အသင်းတစ်သင်းဖြစ်သည့် Yangon Galacticos (YG) MLBB အသင်းသည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပမည့် Esports World Cup (EWC 2026) ပြိုင်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဇူလိုင်လ ၁၂ ရက်က ရန်ကုန်မြို့ရှိ Institut français de Birmanie (IFB) တွင် ပြုလုပ်သည့် Fan Meeting နှင့် မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
YG အသင်းသည် ပြည်တွင်းပြိုင်ပွဲများဖြစ်သော MSL Season 2 နှင့် Season 3 တို့တွင် နှစ်ကြိမ်ဆက် (Back-to-Back) ချန်ပီယံဆုများကို ဆွတ်ခူးထားသည့် အသင်းဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အဆိုပါ ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင်ရန် ထွက်ခွာတော့မည်ဖြစ်သည်။ YG နည်းပြဖြစ်သူ M God နှင့် အသင်းခေါင်းဆောင် Blink တို့က ကမ္ဘာ့အဆင့်ပြိုင်ပွဲဖြစ်၍ ပြိုင်ဆိုင်မှုပြင်းထန်မည်ဖြစ်သော်လည်း ကစားသမားများ၏ စိတ်ဓာတ်ပိုင်းနှင့် ဗျူဟာပိုင်းကို အကောင်းဆုံးပြင်ဆင်ထားသဖြင့် ရလဒ်ကောင်းများရရှိရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။ပြီးခဲ့သည့်နှစ် ဆော်ဒီအာရေဗျတွင် ကျင်းပခဲ့သည့် EWC ပြိုင်ပွဲတွင် TEAM YG အသင်းသည် PUBG ကစားနည်း၌ ကမ္ဘာ့ချန်ပီယံအဖြစ် ဆွတ်ခူးထားခဲ့သဖြင့် ယခုနှစ်တွင် ချန်ပီယံဆုကာကွယ်ပွဲကိုပါ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း အသင်း Founder ဒေါက်တာကောင်းမြတ်ထွန်းက ဆိုသည်။ မကြာခင် ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် EWC ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံအနေဖြင့် MLBB၊ PUBG၊ eFootball (Mobile)၊ eFootball (Console) နှင့် HOK (Honor of Kings) စသည့် ကစားနည်း ၅ မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။



