မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်မြို့ (Klang) ရှိ ဘတ်စ်ကားဂိတ်နှင့် ပတ်ဝန်းကျင်နေရာများတွင် ဇူလိုင်လ ၁၂ ရက်နေ့က မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များက 'Op Mega' စစ်ဆင်ရေးဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသားများအပါအဝင် တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။အဆိုပါ စီးနင်းမှုတွင် လူဝင်မှုကြီးကြပ်ရေးဌာန၊ ပြည်တွင်းကုန်သွယ်ရေးနှင့် လူမှုစရိတ်ဝန်ကြီးဌာန၊ ကုမ္ပဏီများကော်မရှင်နှင့် အမျိုးသားမှတ်ပုံတင်ဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် အိန္ဒိယနိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။ စစ်ဆင်ရေးအတွင်း ဟိုတယ်တစ်ခုကို ရှာဖွေရာ၌ ပြည့်တန်ဆာလုပ်ငန်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ပြီး သန့်စင်ခန်းအတွင်း ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။ထို့အပြင် မြို့လယ်ခေါင်ရှိ အရောင်းဆိုင်အချို့တွင် အစားအစာ ကိုင်တွယ်မှုစံနှုန်းနှင့် ကိုက်ညီမှုမရှိသည့်အပြင် ကွမ်းယာဆိုင်အချို့တွင် ကွမ်းယာရောင်းချသည့် ဟန်ပြဖြင့် မူးယစ်ဆေးဝါး (Syabu) ရောင်းချခြင်း၊ လိုင်စင်မဲ့အရက်နှင့် မှောင်ခိုစီးကရက်များ ရောင်းချနေသည်ကိုပါ ဖော်ထုတ်နိုင်ခဲ့သည်။ဖမ်းဆီးခံရသူအားလုံးကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ စစ်ဆေးမှုများပြုလုပ်ရန် ဆလန်ဂေါ လူဝင်မှုကြီးကြပ်ရေးရုံးသို့ ပို့ဆောင်ထားပြီး တရားမဝင်လုပ်ငန်းများနှင့် တရားမဝင်နေထိုင်သူများကို ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက သတိပေးထုတ်ပြန်ထားသည်။

Jul 13 • 2:49 AM
Malaysia
Local
Share
| 12 | 0 | 0 | 0 |


