ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီ လမ်းမကြီးထိန်းသိမ်းရေး စစ်ဆေးရေးဂိတ်တစ်ခုတွင် ဇူလိုင်လ ၁၂ ရက် နံနက် ၅ နာရီခွဲအချိန်ခန့်က တရားမဝင် မြန်မာလုပ်သား ၆ ဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံ ၁၀ နှစ်ဘတ် ကိုင်ဆောင်ထားသူ လမ်းပြအမျိုးသမီးတစ်ဦး အပါအဝင် စုစုပေါင်း ၇ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ထောင်ဖာဖွန်မြို့နယ်ဘက်သို့ မောင်းနှင်ရန် ပြင်ဆင်နေသည့် မသင်္ကာဖွယ် ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရေးဂိတ် တာဝန်ရှိသူများက တားဆီးစစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။စစ်ဆေးချက်များအရ အဆိုပါ မြန်မာလုပ်သားများသည် ဘုရားသုံးဆူမြို့ဘက်မှတစ်ဆင့် သဘာဝတောလမ်းအတိုင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်နှင့် ကွင်းဆက်တရားခံများကို ဆက်လက်စုံစမ်းဖော်ထုတ်နိုင်ရန် စံခလပူရီရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားသည်။ ကန်ချနပူရီခရိုင်၊ စံခလပူရီနယ်စပ်မှတစ်ဆင့် ယခု ဇူလိုင်လအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ၅၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်တွင် မသင်္ကာဖွယ် ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရာမှ တရားမဝင်မြန်မာလုပ်သား ၆ ဦးနှင့် လမ်းပြတစ်ဦး ဖမ်းဆီးရမိ
Jul 13 • 2:32 AM
Thailand
Local News
Share
| 14 | 0 | 0 | 0 |


